Monday 1 December 2014

ကိုယ့်ရဲ့ ဒီဇင်ဘာ





ဘာလိုလိုနဲ့ ဒီဇင်ဘာရောက်လာပြန်ပြီနော်။ ဒီဇင်ဘာဆိုရင် တစ်ခြားလတွေထက် ခံစားချက်တွေ ပိုပြီးထူထဲ နက်ရှိုင်း တယ်။ မြူမှုန်တွေကြားက ၀ိုးတ၀ါး မနက်ခင်းတွေကို ပိုသတိရတယ်။ အေးမြမြ နံနက်ခင်းရဲ့ အရသာဟာ ပိုပြီးစွဲမက် ဖွယ်ရာကောင်းတယ်။ တစ်ကယ်တော့ အချိန်ကာလတွေ ပြောင်းလဲသွားခြင်းနှင့်အတူ ကိုယ့်ရဲ့ ဒီဇင်ဘာသည် တစ်ဖြည်းဖြည်း ပူပြင်းခြောက်သွေ့လာခဲ့တယ်။

          အရင်ကတော့ ဒီဇင်ဘာရယ်လို့ ထူးထူးထွေထွေ မချစ်တတ်ခဲ့ပါဘူး။ ဒါပေမယ့် တစ်ခုသော ဒီဇင်ဘာမှာဖြင့် ကိုယ့် အတွက် အမှတ်တရတွေ မွေးဖွားပေးခဲ့သလို ချစ်တတ်တဲ့ အသည်းနှလုံးတစ်စုံဟာလဲ ပေါက်ဖွားလာခဲ့ဘူး တယ်။ အဲဒီနောက်ပိုင်း ဒီဇင်ဘာရဲ့အနှစ်သာရဟာ ကိုယ့် အတွက် ချိုမြိန်တယ်။ ကြည်နူးတယ်။ မြတ်နိုးမိတယ်။ အားအင်တွေမွေးဖွားလာခဲ့တယ်။ အဲဒီအချိန်က စလို့ကိုယ်ဟာ ဒီဇင်ဘာကိုရစ်မူးတတ် ရူးသွပ်လာခဲ့ တော့တယ်။
         
          ဒီဇင်ဘာတစ်ခုရဲ့ နံနက်ခင်းစောစောမှာ နွေးထွေးတဲ့လက်တစ်စုံကို အားကိုးတစ်ကြီး ဆုပ်ကိုင်ခဲ့ဖူးတယ်။ သေချာတယ် ဒီလက်တစ်စုံဟာ ကိုယ့်ဘ၀ရဲ့ အနားသတ် လက်တစ်စုံပဲလို့ ယုံကြည်စွာ ရူးမိုက်ဖူးခဲ့တယ်။ ဒီဇင်ဘာရဲ့ ပုံရိပ်ယောင် ရူးသွပ်မှုတစ်ခုဆိုတာ ကြိုမသိခဲ့ရတဲ့ အဖြစ်ရယ်ပါ။ ပျော်ပျော်ကြီး လက်တွေကိုဆုပ်ကိုင်လို့ ခရီးကို ပျော်ပျော်ကြီးလှမ်းခဲ့တယ်။ မှီခဲ့ဖူးတဲ့ ပုခုံးတစ်စုံလောက် ဘယ်အရာကို မှယုံကြည်မှုမရှိခဲ့ဘူး။ တစ်ကယ်တော့ အဲဒီ လက်အစုံဟာ ခရီးတစ်ဝက်မှာ ရက်ရက်စက်စက် ဖြုတ်ချ ခံခဲ့ရမယ်မှန်းသိရင် အဲဒီလောက်ထိ ဒီဇင်ဘာဟာ ရင်နာဖွယ် ကောင်းလိမ့်မယ်မထင်ဘူး။ ပိုင်နိုင်စွာ ဆုပ်ကိုင်ခဲ့ပြီးမှ ဒါဟာ အိမ်မက်လို့သိရတဲ့အခါ ခြေကုန်လက်ပန်းကျ ဗြုန်းကနဲ ပြိုလှဲခဲ့ရတဲ့ အဲဒီ .ဒီဇင်ဘာပဲပေါ့။
         
           တော်ရုံနဲ့ ပြန်မထနိုင်ခဲ့ဘူး ။ အရှိုက်ကိုထိခဲ့တာပဲ။ ဒီဇင်ဘာရောက်တိုင်း မျက်ရည်တွေ မခမ်း နိုင်စွာ ကြိတ် ငိုခဲ့ရတယ်။ အေးစက်စက်လက်ဖျားတွေကို ကော်ဖီပူပူ ပန်းကန်လုံးလေးကိုင်လို့ အနွေးဓာတ်ကို ဖန်တီးယူခဲ့ရတယ်။ အနွေးဓာတ်ကို ဖန်တီးယူလို့ ရခဲ့သော်ငြား အထီးကျန်မှုကို အဖော်ပြုဖို့ရာ မစွမ်းသာဘူး။ ဒီဇင်ဘာမှာ ကိုယ်တစ် ယောက်တည်း အရမ်းအထီးကျန်ဆန်ခဲ့တယ်။ ရင်နာတယ်ဆိုတဲ့စကားဟာ အပြင်ပန်းမဟုတ်ပဲ ရင်ထဲအသည်းထဲက လိုက်ပြီးနာခဲ့ရတယ်ဆိုတာ သိအောင် စကားလုံးတွေရှာမရခဲ့ဖူး။

          နေရာဟောင်း ပတ်ဝန်းကျင်ဟောင်းမှာ အတိတ်ကို လွမ်းဆွတ်ခြင်းများနှင့်  ရင်ဆိုင်ခြင်းငှာ မစွမ်းသာခဲ့ဘူး။ နေရာ သစ်မှာ ကိုယ်ဟာ တစ်ယောက်တည်း  ဒီဇင်ဘာကို အရွဲ့တိုက်တယ်။ ကိုယ်မမြင်ဘူး မသိခဲ့ဘူးတဲ့ လူစိမ်းတွေဟာ ဒီဇင်ဘာဆိုရင် သိပ်ပျော်ကြတယ်။ သူတို့မိသားစု သူတို့သူငယ်ချင်း သူတို့ရဲ့ ချစ်သူနှင့်အတူ သူတို့ကြည်နူးကြတယ်။ ကိုယ်ကတော့ တစ်ယောက်တည်း သူတို့တွေကိုကြည့်ပြီး မျက်ရည်ဝဲတယ်။ အဖော်မဲ့တဲ့ အရပ်မှာ တစ်ယောက်တည်း ပေပေတေတေနေတယ်။ ဒီဇင်ဘာ နင်အေးပစ်လိုက်စမ်း ခဲသွားတဲ့ အထိ။ ငါ့ရဲ့ ခံစားချက်တွေ အေးခဲသွားတဲ့အထိ လို့ အံကြိတ်ပြီး ဒီဇင်ဘာတွေကို ကျော်ဖြတ်တယ်။
         
          ကောင်းကင်မှာသာတဲ့လကို လက်ဝယ်ပိုင်ပိုင်ရရှိခဲ့ပြီလို့ ကြွေးကြော်ချိန်မှ အဲဒီလဟာ ရေတွင်းထဲက လရဲ့ အရိပ်ဆိုတာကို သိခဲ့ရတဲ့ အဖြစ်။ ရေတွင်းထဲကလဟာ လှတော့လှပါရဲ့ သာတော့သာပါရဲ့ ကိုယ်ဟာ ထိတွေ့လို့ မရသလို ရေပြင်နှောက်သွားမှာလဲစိုးခဲ့ရတယ်။ ရေနှောက်သွားခဲ့ရင် လရဲ့ အရိပ်ကလေးတောင် ကိုယ်မြင်နိုင်တော့ မယ် မထင်ဘူးလေ။ ဒီဇင်ဘာဆိုတဲ့ ကာလတော်တော်များကို တစ်ယောက်တည်း ညှိုးငယ်စွာ ဖြတ်ကျော်ခဲ့ရတယ်။ ကိုယ့်ကိုသနားပါလို့ မဆိုလိုချင်ပါဘူး။ ဒီဇင်ဘာဟာ ကိုယ့်ကို ဘယ်လောက်ထိ ရက်စက်ခဲ့သလဲ ဆိုတာကို သိရင် တော်ပါပြီ။
         
          အချိန်တွေပြောင်းလဲသွားချင်းနဲ့အတူ ဒီဇင်ဘာကို ဖြတ်သန်းပုံတွေ ကွဲပြားလာခဲ့တယ်။ တစ်ခါတစ်ရံ ကိုယ်ဟာ ဒီဇင်ဘာကိုနာကျည်းကြောင်း ကဗျာတွေရေးတယ်။ တစ်ခါတစ်ရံ ကြည်နူးလွမ်းဆွတ်ဖွယ်တွေကိုရေးတယ်။ တစ်ခါတစ် လေ မုန်းတီးမိတဲ့ အကြောင်းရေးတယ်။ တစ်ခါတစ်လေ အထီးကျန်ဆန်တဲ့ အကြောင်း စာမျက်နှာတစ်ခုပေါ်မှာ ရေး တယ်။ ကိုယ့်ရဲ့ကဗျာ ကိုယ့်ရဲ့ ခံစားချက်တွေကို နှစ်သိမ့်ပေးမယ့်သူတွေ အဲဒီစာမျက်နှာပေါ်မှာရှိတယ်။ ကိုယ့်ကို နားလည်ပေးမယ်သူတွေ အဲဒီစာမျက်နှာပေါ်မှာ တွေ့ခဲ့တယ်။
         
          ဒီဇင်ဘာကို အကောင်းဆုံးဖြတ်သန်းနိုင်မယ့် အဲဒီစာမျက်နှာကို ရှာဖွေတွေ့ရှိခဲ့တယ်။ ကိုယ်ဟာ ဒီဇင်ဘာဆို ရင် ၀မ်းနည်းနေတတ်တုန်းပဲ။ ဒါပေမယ့် အေးစက်တဲ့ ဒီဇင်ဘာရဲ့ လမ်းဘေးအုတ်ခုံလေးပေါ်မှာ တစ်ယောက်တည်း အထီးကျန်စွာ ထိုင်နေတတ်တဲ့ မိန်းကလေးမဟုတ်တော့ဘူး။  ကြည်နူးနေတဲ့သူ ပျော်နေတတ်တဲ့သူတွေကို ရီဝေ စွာ ငေးမောကြည့်နေတတ်တဲ့ မိန်းကလေးတစ်ယောက် မဟုတ်တော့ဘူး။ အခန်းတစ်ခုထဲမှာ ဒီဇင်ဘာဝတ်စုံကို နွေးနွေးထွေးထွေးဝတ် ဘေးနားမှာ ကော်ဖီပူပူတစ်ခွက်ကိုချ နွေးထွေးတဲ့ အခန်းလေးထဲမှာ ကိုယ့်ကိုယ်နှစ်သိမ့်သူ စာနာသူ ဖေးမသူတို့နှင့် ကိုယ်ဟာ အထီးကျန်သော်လည်း ကိုယ်အရမ်းပျော်နေခဲ့တယ်.. ဒီဇင်ဘာရေ ကိုယ်အရမ်းပျော်နေခဲ့တယ် သိလား ..
         

---
ချစ်စွာသော ဘလော့မောင်နှမများ ကျန်းမာလို့ ချမ်းသာကြပါစေရှင်။ သရုပ်ဖော်ပုံလေးကိုတော့ဖြင့် google ကနေ ရှာဖွေအသုံးပြုထားပါတယ်။
          ဆွေလေးက စပြီး ဘလော့မောင်နှမတွေကို tag စ မလုပ်ဖူးပါဘူး. ဒီတစ်ခါကဖြင့် ပထမဆုံး အကြိမ်ပါလို့။ ပထမဆုံး အကြိမ်ကို မျက်နှာသာလေး ပေးသောအားဖြင့် ဆွေလေးရဲ့ tag  ပို့စ်လေးကို ရေးပေးကြပါနော်။ အလုပ်အခက်အခဲ ခရီးသွားရာသီကို ကိုယ်ချင်းစာသောအားဖြင့် ဒီဇင်ဘာလ တစ်လလုံး အားတဲ့ အချိန် ရေးပေးကြ ပါနော်။ ဆွေလေး tag ချင်သည့် သူများကဖြင့်  
အစ်မသက်ဝေ၊ အစ်မချစ်ကြည်အေး၊ အစ်မမြသွေး၊ အစ်မမိုးငွေ့၊ သူကြီးမင်း၊ ဆရာ.ဟန် ၊  ညီမလေးပစ်ပစ်၊ ချစ်ရတဲ့ဂျက် Jasmine Jasmine

ညီမရင်ငြိမ်းသူ၊ တီတင့် တို့ဖြစ်ပါတယ်ရှင်။ 


          တစ်ခြားသော ဘလော့ဂါ မောင်နှမများကိုလဲ tag ချင်သော်လည်း မအားဘူးဆိုသည်ကို သိသည့်အတွက် ချန်ထားခဲ့ရပါတယ်ရှင့်။

4 comments:

  1. မွန်လေးရဲ့ ရသစုံခံစားဘူးတဲ့ ဒီဇင်ဘာလေးဖတ်သွားပြီ...
    တဂ်တဲ့အတွက် ကျေးဇူးပါနော်။ ရေးပေးမယ် မု(ဒ်)၀င်မည့်အချိန် ခဏလေးစောင့်ပေး.... :)

    ReplyDelete
  2. မနာကျည်းပါနဲ့တော့ ဒီဇင်ဘာက အဖော်မဲ့ မဟုတ်တော့ပါဘူး နှင်းဖြူဖြူလှလှလေးတွေ လက်ကမ်းကြိုနေကြမှာပါ။
    ဒီဇင်ဘာရောဂါတွေကို အပြစ်ကင်းတဲ့ ဒီဇင်ဘာနှင်းခဲလေးတွေနဲ့ဘဲ ဆေးကြောပစ်လိုက်ပါ။

    ReplyDelete
  3. ဆွေလေးရေ------ဒီဇင်ဘာကို ငယ်ဘ၀ကတဲက အရမ်းချစ်ခဲ့တယ် ဘာလိုပြောရမလဲနော် ဒီဇင်ဘာကုရောက်လာပြီဆိုတာနဲ့ လွမ်းစရာမရှိ ရှာလွမ်း ပျော်ကြ ကကြ ခုန်က ဆိုကြနဲ့ပေါ့ ခုဒီကိုလဲရောက်ရော ဒီဇင်ဘာကိုမုန်းချင်လာပြီ လက်တွေခဲပြီး စာရိုက်လို့တောင်မရချင်ဘူးလေ အိမ်ပြင်မထွက်ရဲဘူး ချက်ချင်းအေးခဲမတတ်ပဲကွယ်---
    ဆွေလေးပြောသလိုပဲ....စဉ်းစားရင် ဒီဇင်ဘာကို အကောင်းဆုံးဖြတ်သန်းဖို့လေ
    ကျေးဇူးပါဆွေလေးရေ စာဖတ်ပြီး အားရှိလာလို့
    ဒီဇင်ဘာနဲ့ပတ်သက်တဲ့ ကဗျာလေးတင်ပေးမယ်နော်-------

    ReplyDelete
  4. မကြီးရဲ့ ဒီဇင်ဘာအမှတ်တရ ကိုလာဖတ်သွားပါတယ်..
    ပစ်ေ၇းနေတုန်းအမရယ်...
    ပြီးတာနဲ့တင်ပေးမယ်နော်...အမ

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......